နှလုံးခုန်ရင်တုန်ရင် စိတ်ပူရမှာလား
"ရင်ခုန်မိတာ အချစ်လား" တို့၊ "ရင်ခုန်ရင် အချစ်ပဲကွယ်" တို့ ပြောတတ်ကြပေမယ့် အချစ်မဟုတ်တဲ့ ရင်ခုန်ရင်တုန်ခြင်းတွေ အများကြီးရှိနေပါတယ်။ ရင်ခုန်နှုန်းတွေ မြန်နေတာ၊ လိပ်ပြာတောင်ပံခပ်သလို တဖျပ်ဖျပ်ဖြစ်နေတာဟာ အချစ်ကြောင့် မဟုတ်ရင် ဘာတွေကြောင့် ဖြစ်နိုင်သေးလဲ၊ စိုးရောစိုးရိမ်ရလား သိချင်နေကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဆက်ဖတ်လိုက်ကြရအောင်နော်။
နှလုံးခုန်ရင်တုန်တာဟာ စိုးရိမ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အမြဲတမ်းစိတ်ပူစရာတော့ မလိုပါဘူး။ စိတ်ဖိစီးမှုတွေရှိတဲ့အခါ၊ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမျိုးမှာလည်း ရင်တုန်တာဖြစ်တတ်သလို နှလုံးရောဂါအခံရှိတာမျိုးကြောင့်လည်း ရင်တုန်တတ်ပါတယ်။
- နှလုံးခုန်နှုန်းက ပုံမှန်ထက်မြန်လွန်းနေတာ
- လိပ်ပြာတောင်ပံခပ်သလို တဖျပ်ဖျပ်ခုန်နေတာ
- နှလုံးက ဆောင့်ဆောင့်ပြီးခုန်နေတာ
- ကြားထဲမှာ တခါတလေရပ်သွားသလိုဖြစ်တာ
- ရင်ဘတ်ထဲမှာသာမက လည်ပင်းတွေ၊ လည်းချောင်းထဲတွေထိရောက်အောင် ခုန်နေတယ်လို့ ခံစားရတာတွေ ဖြစ်တတ်ပါတယ်။
စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်ပဲ ကြာတတ်ပြီး အနားယူလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။
တကယ်လို့ နှလုံးရောဂါမျိုးရိုးရှိတာ၊ နှလုံးရောဂါအခံရှိတာ၊ အနားယူလိုက်လည်း မသက်သာဘဲ မကြာခဏဖြစ်နေတာ၊ ပိုပိုဆိုးလာတာအပြင်
- ရင်ဘတ်ထဲကတင်းကျပ်နေတာ၊ ရင်ဘတ်အောင့်တာ
- အသက်ရှူမဝတာ
- မူးလဲမလိုဖြစ်တာ
- ခေါင်းကိုက်ခေါင်းအုံတာတွေနဲ့ တွဲနေတာဆိုရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးရပါမယ်။
နှလုံးခုန်ရင်တုန်ရတဲ့ အကြောင်းရင်းတွေထဲမှာ
• စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှားတာ၊ နောင်တရ စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ လိုမျိုး စိတ်ခံစားမှုတွေကြောင့် အများဆုံးရတတ်ပါတယ်။
• လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်နေစဥ်နဲ့ လုပ်ပြီးစအချိန်
• အဖျားရှိတဲ့အခါ
• ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ်တွေ သောက်တဲ့အခါ
• အအေးမိပျောက်ဆေးတွေ၊ ပန်းနာရင်ကြပ်ပျောက်ဆေးတွေ၊ ကိုကင်းနဲ့ အမ်ဖက်တမင်းလို ဆေးတွေသုံးစွဲထားတဲ့အခါ
• သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့အခါ
• ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့အခါ နဲ့
• နှလုံးရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်တုန်ခြင်းကတော့ စိုးရိမ်ရပါတယ်။ အချိန်မီမကုသရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
- နှလုံးခုန်တာမြန်လွန်းတဲ့အခါ သွေးလုံလောက်အောင် မပို့ဆောင်ပေးနိုင်တော့တဲ့အတွက် သွေးပေါင်ပြုတ်ကျပြီး သတိလစ်တာ
- နှလုံးခုန်ရပ်သွားတာ
- နှလုံးကသွေးတွေကို ညှစ်မထုတ်နိုင်တာ ကြာလာတဲ့အခါ သွေးခဲတွေဖြစ်လာပြီး သွေးကြောထဲမှာ ပိတ်ဆို့တဲ့အခါ လေဖြတ်တာ
- နှလုံးက အလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးသွားတာတွေထိ ဖြစ်နိုင်ပါတယ်။
ရင်ခုန်ရင်တုန်တိုင်း စိုးရိမ်စရာမလိုပေမယ့် စိုးရိမ်စရာလိုတဲ့ ရင်ခုန်ရင်တုန်ခြင်းတွေ ဟုတ်မဟုတ် သိဖို့တော့ အရေးကြီးပါတယ်။ ဒါကြောင့် အထက်မှာ ထော်ပြထားတဲ့ စိုးရိမ်ရတဲ့လက္ခဏာတွေပါ ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အနည်းဆုံး ECG လေးတော့ စစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်